Skip to main content
APEX.BUSINESS &
VOCATIONAL TRAINING

Customer အသစ်ရှာဖို့ပဲ အာရုံစိုက်ပြီး ရှိပြီးသား Customer တွေကို မေ့နေပြီလား?

APEX INSIGHTS / BUSINESS KNOWLEDGE

“ဒီလ Customer အသစ် ဘယ်လောက်ရလဲ?”

လုပ်ငန်းမှာ ဒီမေးခွန်းကို မကြာခဏမေးဖြစ်ကြပါတယ်။

ဒါပေမယ့် “ပြီးခဲ့တဲ့လက ဝယ်သွားတဲ့သူတွေထဲက ဘယ်လောက် ပြန်ဝယ်ကြလဲ?” ဆိုတာကိုရော မေးဖြစ်ကြရဲ့လား?

ကြော်ငြာသုံးတယ်။ Promotion လုပ်တယ်။ စုံစမ်းမေးမြန်းသူတွေကို အချိန်ပေးပြီး အရောင်းပိတ်တယ်။

ဝယ်ပြီးသွားတဲ့အခါတော့ အဆက်အသွယ်က အဲဒီမှာတင် ရပ်သွားတတ်ပါတယ်။

နောက်လမှာ အရောင်းရဖို့ Customer အသစ်တွေ ထပ်ရှာရပြန်တယ်။ အရင်ဝယ်ဖူးတဲ့သူတွေ ဘာကြောင့်ပြန်မလာလဲဆိုတာတော့ မသိလိုက်ရဘူး။

Customer အသစ်ရှာတာက လုပ်ငန်းတိုးတက်ဖို့ အရေးကြီးပါတယ်။ အဲဒီနဲ့အတူ ကိုယ့်ကိုတစ်ကြိမ်ရွေးချယ်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံကိုလည်း ဆက်ကြည့်ဖို့လိုပါတယ်။

ဘယ်အချက်တွေကို စစ်ကြည့်သင့်လဲဆိုတော့

၁။ ပထမအကြိမ်ဝယ်တုန်းက အတွေ့အကြုံက ဘယ်လိုရှိခဲ့လဲ?

ကြော်ငြာကောင်းလို့ ပထမအကြိမ် ဝယ်လာနိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်ရွေးမလားဆိုတာမှာတော့ တကယ်ရခဲ့တဲ့အတွေ့အကြုံက အရေးပါလာပါတယ်။

မှာထားတဲ့ပစ္စည်း မှန်ရဲ့လား?
ပြောထားတဲ့အချိန်အတွင်း ရောက်ရဲ့လား?
အသုံးပြုတဲ့အခါ မျှော်လင့်ထားသလို ဖြစ်ရဲ့လား?
ပြဿနာရှိလို့ ဆက်သွယ်တဲ့အခါ ဖြေရှင်းပေးရဲ့လား?

ဥပမာ အစားအသောက်ဆိုင်တစ်ဆိုင်မှာ ပထမတစ်ခါစားတုန်းက အရသာကောင်းပေမယ့် နောက်တစ်ခါမှာ အရသာနဲ့ ပမာဏမတူတော့ဘူးဆိုရင် Customer က ပြန်စဉ်းစားလာနိုင်ပါတယ်။

ပြန်ဝယ်စေချင်ရင် ပထမဆုံး စစ်ရမှာက ကိုယ်ပေးထားတဲ့ကတိကို တည်တည်ငြိမ်ငြိမ် ဖြည့်ဆည်းပေးနိုင်ရဲ့လားဆိုတာပါ။

၂။ ပြန်မလာတဲ့သူတိုင်း ဈေးကြောင့်ပဲ ထွက်သွားတာ မဟုတ်ပါဘူး

တချို့က ကိုယ့်ပစ္စည်းကို မလိုအပ်သေးတာပါ။ တချို့က ပြောင်းရွှေ့သွားတာ၊ အသုံးစရိတ်ပြောင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ကတော့ မကျေနပ်တာရှိပေမယ့် Complaint မလုပ်ဘဲ တခြားဆိုင်ကို ပြောင်းသွားတာပါ။

ပြန်မဝယ်တော့တာနဲ့ Discount ပို့ပေးမယ့်အစား အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားပါ။

ဆက်သွယ်ခွင့်ရထားတဲ့ Customer တွေကို သင့်တော်တဲ့အချိန်မှာ—

“အရင်ဝယ်ထားတဲ့ပစ္စည်း အသုံးပြုရတာ အဆင်ပြေရဲ့လား?”
“ကျွန်တော်တို့ဘက်က ပိုကောင်းအောင် ပြင်ပေးသင့်တာရှိပါသလား?”

လို့ မေးကြည့်နိုင်ပါတယ်။

အဖြေရလာတဲ့အခါ ရှင်းပြကာကွယ်ဖို့ အလျင်မလိုဘဲ နားထောင်ပေးဖို့လိုပါတယ်။

၃။ ဝယ်ပြီးနောက် Customer ဘာလိုအပ်ဦးမလဲ စဉ်းစားပေးပါ

ပစ္စည်းရောက်သွားတာနဲ့ Customer ရဲ့အလုပ်က မပြီးသေးနိုင်ပါဘူး။

စက်ပစ္စည်းဆိုရင် Setup လုပ်ဖို့လိုနိုင်တယ်။ အဝတ်အစားဆိုရင် ထိန်းသိမ်းလျှော်ဖွပ်ပုံ သိချင်နိုင်တယ်။ သင်တန်းဆိုရင် သင်ခန်းစာဘယ်ကစကြည့်ရမလဲ မသိသေးနိုင်ပါဘူး။

ဒီအချိန်မှာ သုံးစွဲပုံလမ်းညွှန်၊ စတင်အသုံးပြုပုံနဲ့ အကူအညီတောင်းနိုင်တဲ့နေရာကို ပေးထားတာက အသုံးဝင်ပါတယ်။

ဝယ်ပြီးနောက် ဆက်သွယ်မှုတိုင်းမှာ ပစ္စည်းထပ်ရောင်းဖို့ မလိုပါဘူး။ ဝယ်ထားတဲ့အရာကို ကောင်းကောင်းအသုံးချနိုင်အောင် ကူညီပေးတာက ယုံကြည်မှုတည်ဆောက်ပေးနိုင်ပါတယ်။

၄။ Customer အဟောင်းတွေကို Promotion ရှိမှ သတိရတာလား?

အဆက်အသွယ်လုပ်တိုင်း “ဒီနေ့ဝယ်ပါ၊ ဒီလျှော့ဈေးယူပါ” ဆိုတာချည်းဖြစ်နေရင် Message တွေကို စိတ်မဝင်စားတော့နိုင်ပါဘူး။

Customer အတွက် သက်ဆိုင်တဲ့အချက်အလက်ကို သင့်တော်တဲ့အချိန်မှာ ပေးနိုင်ဖို့လိုပါတယ်။

ဥပမာ ပုံမှန်ပြန်ဝယ်ရတဲ့ပစ္စည်းဆိုရင် အသုံးပြုမှုကာလနဲ့ကိုက်တဲ့ Reminder ပေးနိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်းရတဲ့ပစ္စည်းဆိုရင် စစ်ဆေးသင့်တဲ့အချိန်ကို သတိပေးနိုင်ပါတယ်။

ဆက်သွယ်တဲ့အကြိမ်ရေကိုလည်း ချင့်ချိန်ပါ။ Customer ရွေးထားတဲ့ ဆက်သွယ်နည်းကို အသုံးပြုပြီး မလိုချင်တော့ရင် ရပ်ပေးနိုင်ဖို့လိုပါတယ်။

၅။ Customer အသစ်အတွက်ပဲ အခွင့်အရေးပေးနေရင် အဟောင်းတွေ ဘယ်လိုခံစားရမလဲ?

Customer အသစ်ကို Discount ပေးတယ်။ လက်ဆောင်ပေးတယ်။ ပို့ဆောင်ခအခမဲ့ပေးတယ်။

ပုံမှန်ဝယ်နေတဲ့သူအတွက်တော့ ဘာအကျိုးခံစားခွင့်မှ မရှိဘူးဆိုရင် “ငါတို့အမြဲဝယ်နေတာကိုတော့ အသိအမှတ်မပြုဘူး” လို့ ခံစားနိုင်ပါတယ်။

ဒါပေမယ့် Customer အဟောင်းတွေကို ထိန်းဖို့ အမြဲဈေးလျှော့ပေးရမယ်လို့ မဆိုလိုပါဘူး။

ကြိုတင်မှာယူခွင့်၊ အသုံးဝင်တဲ့ဝန်ဆောင်မှုတစ်ခု၊ ဝယ်ယူမှုပမာဏနဲ့ကိုက်တဲ့ အကျိုးခံစားခွင့်မျိုး စဉ်းစားနိုင်ပါတယ်။

ပေးမယ့်အရာက Customer အတွက် တန်ဖိုးရှိပြီး ကိုယ့်လုပ်ငန်းအတွက်လည်း ရေရှည်တတ်နိုင်ဖို့လိုပါတယ်။

ဒီတော့ ဘယ်ကစရမလဲ?

ကိုယ့်ပစ္စည်းကို ပုံမှန်အားဖြင့် ဘယ်လောက်ကြာရင် ပြန်ဝယ်ကြသလဲဆိုတာ အရင်ကြည့်ပါ။

နေ့လယ်စာဝယ်တဲ့သူ၊ အသားအရေထိန်းသိမ်းပစ္စည်းဝယ်တဲ့သူနဲ့ ရေခဲသေတ္တာဝယ်တဲ့သူကို တူညီတဲ့ကာလနဲ့ ပြန်ဝယ်မှုတိုင်းလို့ မရပါဘူး။

ပြန်ဝယ်ချိန်ရောက်သင့်တဲ့ Customer တွေထဲက ဘယ်လောက် ပြန်လာသလဲ စစ်ပါ။ မကြာခဏကြားရတဲ့ အခက်အခဲတစ်ခုကို ရွေးပြီး ပြင်ပါ။

ပြီးရင် ပြန်ဝယ်မှု၊ Complaint နဲ့ ကုန်ကျစရိတ်တွေကို တွဲကြည့်ပါ။

ရေရှည်အသုံးခံပစ္စည်းလို ပြန်ဝယ်ဖို့နှစ်ကြာနိုင်တဲ့လုပ်ငန်းတွေမှာတော့ ဝန်ဆောင်မှုဆက်သုံးတာ၊ အခြားပစ္စည်းရွေးတာနဲ့ မိတ်ဆက်ပေးလာတာတွေကိုပါ ကြည့်နိုင်ပါတယ်။

Customer တစ်ယောက် ဝယ်သွားတဲ့အခါ အရောင်းတစ်ခုပြီးသွားပါတယ်။ အဲဒီနောက် သူရရှိတဲ့အတွေ့အကြုံက နောက်တစ်ကြိမ် ကိုယ့်ကိုရွေးမလားဆိုတာအပေါ် သက်ရောက်နေပါတယ်။

မိတ်ဆွေရဲ့လုပ်ငန်းမှာ Customer အသစ်ရလာရင် သိတယ်။ Customer အဟောင်းတစ်ယောက် ပြန်မလာတော့တဲ့အခါရော သိနိုင်တဲ့စနစ် ရှိပြီလား?